ရာသီဥတုကူးပြောင်းချိန်ကာလတွေမှာ သီးနှံပင်တွေမိုးမွှားနဲ့ ရောဂါကျတတ်တယ်။ ပတ်ဝန်းကျင်ပူပြင်းရာက မိုးရွာမှုစလာတဲ့ကာလလေးမှာပဲ အညာဒေသဘက် စိုက်ပျိုးထားတဲ့ နွေနှမ်းစိုက်ခင်းတချို့ ရွက်လိပ်ပိုးကျပြီး ရွက်စုံစားခူဝါတွေကျပြီဆိုတဲ့သတင်းကြားလာပြီ။ နွေကာလစိုက်ပျိုးမှုကလည်း နွေနှမ်း၊ မိုးကြိုဝါ၊ နေကြာနဲ့ နွေစပါးပဲရှိကြတာကိုး။ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် ချိန်ဆပြီး ပိုးမွှားရောဂါကာကွယ်ရေးဆိုတာကို
ကြိုတင်ပြီးပြုလုပ်စစ်ဆေးကြရမှာပါ။
အခုတော့ နေရာဒေသတော်တော်များများမှာ ကြုံနေကြရတာကကျပြီ၊ ဆေးဖျန်းရပြီ၊ ပျက်စီးပြီဆိုတဲ့ ဖြစ်လာမှပြုလုပ်ကြတာတွေက လုပ်လာကြ
တဲ့အနေအထားရှိနေတော့ ပျက်စီးဆုံးရှုံးမှုပမာဏက များလာတယ်။ နှိမ်နင်းရတဲ့လုပ်ငန်းကလည်း ကျယ်ပြန့်လာတယ်။ မဖြစ်မနေလည်း ပိုးသတ်ဆေးသုံးဖို့ လုပ်လာကြရတော့တယ်။
နွေမှမိုး၊ မိုးမှ ဆောင်း၊ ဆောင်းမှ နွေရာသီကူးချိန်တွေဟာ အပင်တွေ၊သီးနှံစိုက်ခင်းတွေမှ ပိုးရောဂါကျတတ်တာမဟုတ်ပါ။ လူတွေ၊တိရစ္ဆာန်တွေလည်း ရောဂါတစ်မျိုးမျိုးက ဖြစ်နေတတ်ကြတာပဲ။ ရောဂါတွေ၊ ပိုးတွေဆိုတာက ဖြစ်လာရင်ကူးစက်တာပဲ။ ထိန်းချုပ်ရတာပဲ။ဒါကြောင့် ကြိုတင်
ကာကွယ်ခြင်းဟာ အကောင်းဆုံးလို့သတ်မှတ်ကြတာပါ။
အခုတော့ ဖြစ်လာကြပြီ။ ဖြစ်တဲ့ဒေသမှာ နှိမ်နင်းနေကြရပြီ။ ဒီတော့ ရွက်လိပ်ပိုးနဲ့ရွက်စုံစား (အစုံလုံးကိုစားတာ၊ အပင်၊ အရွက်မရွေးဘူး) ခူဝါတွေအကြောင်းနဲ့ ကာကွယ်နှိမ်နင်းနည်းတွေသိဖို့လိုလာပြီ။ ဒါတွေအပြင် နှမ်းခင်းတွေမှာ မိုးဦးမေလ၊ ဇွန်လမှာ ဖြုတ်ညိုကျတတ်တယ်။ နှမ်းဖလံကျ တတ်တယ်။ ကျိုင်းကောင်အနက်ရောင်လည်း ကျတတ်တယ်။ ဒါက နွေနှမ်းရော၊ အခုမိုးကျတာနဲ့ စိုက်ပျိုးတော့မယ့် မိုးနှမ်းတွေအတွက်လည်း
ကြိုတင်သတိပြုရမယ့်ပိုးတွေပါ။
နွေနှမ်းမှာ လက်ရှိကျနေတဲ့ ရွက်လိပ်ပိုးနဲ့ ခူဝါကလည်း ထပ်စိုက်ကြတော့မယ့် မိုးနှမ်းအတွက်လာနိုင်၊ ကျနိုင်သေးတယ်ဆိုတာလည်းဂရုပြုသင့်
တယ်။ ရွက်လိပ်ပိုးက အရွက်လိပ်တဲ့ပိုးဖြစ်လို့ အလိပ်ထဲပိုးကောင်ရောက်နေရင်ပိုးနဲ့ ဆေးတွေ့ဖို့ခက်တယ်။ (မိုးရွာထဲထီးဆောင်းသွားရင် ရေမစို
သလိုပေါ့) ပုံမှန်ကျတတ်တာက မိုးနှမ်းမှာမိုးပြတ်တတ်တဲ့ ဇူလိုင်လကျလေ့ရှိတယ်။ ဒါပေမယ့် ရှေ့မှာ ပြောခဲ့သလိုရာသီဥတုပြောင်းလဲမှုပေါ့။
ဒီဖျက်ပိုးက နှမ်းပင်မှာပဲကျတတ်တယ်။ စားတတ်တကာရွက်နုတွေ။ ဒါပေမယ့် အသီးထဲလည်း သီးချိန်ထိုးဖောက်ဝင်တတ်တယ်။ Leaf Roller
ခေါ်သလို Pod Caterpillar လည်း ခေါ်တယ်။ ပိုးကောင်ရဲ့ကိုယ်ခန္ဓာထဲက ပိုးချည်တွေ ထုတ်တတ်တယ်။ ချည်တွေနဲ့ အရွက်ကိုလုံးထွေးလိပ်
တာပဲ။ အပွင့်လည်း ဒီလိုပဲဖျက်တယ်။ (အရွက်တစ်ခုတည်းမဟုတ်ပါ။) ဥတွေရာနဲ့ချီပြီး ဥတတ်တယ်။ ပိုးကောင်ကအစာစားပြီးမှ ချည်ထုတ်နိုင်
တာ။ အစာကအရွက်၊ အပွင့်၊ အသီးဖြစ်တယ်။ ဥဘဝငါးရက်၊ ဖျက်ဆီးတဲ့ လောက်ကောင်ဘဝ ၂၁ ရက်၊ ရုပ်ဖုံးခုနစ်ရက်ပြီးရင် ဥဘဝပြန်စပြီး ပြန်မွေး၊ ပြန်ပေါက်ထပ်ဖျက်မှာပဲ။ ဒါကြောင့်နည်းရင် အကောင်ကိုရှာပြီး ကောက်ရှင်း၊ များရင်ထိသေဆေး၊ပင်လုံးပြန့်ဆေးဖျန်းရပြီ။
အမွေးထူတဲ့နှမ်းပင်တွေမှာ စုပ်ပိုးကျတတ်တာနည်းပေမယ့် ကိုက်စားပိုးတွေက ကျတတ်တာများတယ်။ ဒါကြောင့် အမွေးထူတဲ့နှမ်းပင်မျိုးတွေ (ဆင်းရတနာ – ၄)ပိုကျတယ်။ ရွက်စုံစားခူဝါကျတော့ ပိုဆိုးတာပေါ့။ ဖျက်ဆီးမှုများတော့ ပျက်စီးမှုလည်း များတယ်။ ပိုးကောင်ပေါ်မှာ အမွေးရှည်
တွေပါတယ်။ သရက်ပင်တွေလည်း ကျတယ်။ ဘာမှမရှိရင် ပေါင်းပင်တွေလည်း ကျတယ်။ အုပ်စုဖွဲ့နေတော့ ပိုပြီးပျက်စီးတယ်။ တွေ့ရာစားတာပဲ။ တစ်ပင်လုံးအရွက်ကုန်၊ ပင်စည်ရိုးတံကျန်အောင် ဖျက်တာ။ တစ်ခင်းကုန်ရင် တစ်ခင်းကူးမှာပဲ။ ဥဘဝငါးရက်၊ ဖျက်တဲ့ခူဘဝ ၂၁ ရက်၊ ရုပ်ဖုံး ခုနစ်ရက်၊ ရှေ့ကပိုးလိုပဲ၊ သက်တမ်းကာလတစ်လလောက်ဝန်းကျင်ရှိတတ်တာပါ။
နွေနှမ်းစိုက်ကြတာလည်း တစ်ကွင်းတစ်စပ်ရှိကြတာ။ ဘာကြောင့်ဆို ရေပေးရတာကို စုဖွဲ့ရေပေးတော့ စိုက်တော့လည်း စုဖွဲ့စိုက်ကြတာ။ ဒီတော့ ပိုးရောဂါကျတော့လည်း စုဖွဲ့ကျတတ်တာ။ ဒါကြောင့် ပိုသတိပြုကြရမယ်။ ကာကွယ်မှုနည်းခဲ့တော့ကျရင် ပိုးသတ်ဆေးသုံးရပြီ။
Crd:ကိုရဲ (စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်