မတ္တရာမြို့နယ်မှာ ဗီယက်နမ်စပါး မျိုးစေ့ချ ကိရိယာအသုံးချပြီး တောင်သူလယ်ကွင်းမှာ မျိုးစေ့ချ နေတာပါ။ လယ်ယာလုပ်သားများ ရှားပါးလာတာမို့ ခုလို မျိုးစေ့ချ ကိရိယာများဟာ ရွေးချယ်စရာ နည်းလမ်း တခု ဖြစ်လာပါတယ်။ ခုအခါမှာ တောင်သူတွေအနေနဲ့ စပါးကို အခြောက် ထယ်ရေး ပြင်ပြီးတာနဲ့ မိုးမလာခင် တိုက်ရိုက်ချတဲ့ စနစ်တွေ အသုံးပြု ပြီး လုပ်ကိုင်လာကြတဲ့အခါ နည်းစနစ်အရ လွယ်ကူပေမဲ့ ပေါင်းပြဿနာဟာ ဘယ်လိုပဲ ပေါင်းသတ်ဆေး သုံးသုံး လုံးဝ မပပျောက်ဘဲ စပါးထွက်နှုန်းနဲ့ အရည်အသွေး ကို ထိခိုက် စေပါတယ်။ တလောက ရုပ်သံလိုင်းတခုနဲ့ အင်တာဗျုးတခုမှာ ဒီစနစ်ဟာ အင်မတန်ကောင်းတဲ့ ပုံစံမျိုး လယ်သမားကြီး တစ်ဦးက ပြောသွားတာမို့ တောင်သူတွေအနေနဲ့ အကောင်းဆုံးနည်း စနစ်လို့ ယူဆ သွားမှာ စိုးရိမ်ိမပါတယ်။ ဒါဟာ ရွေးချယ်စရာ နည်းလမ်းများထဲက တစ်ခုသာ ဖြစ်ပါတယ်။ သူ့မှာ အားနည်းချက်များ စွာ ရှိပါတယ်။ အထူးသဖြင့် ပေါင်းပြဿနာအပြင် မျိုးသုံးစွဲမှု ပမာဏလည်း များတတ်ပါတယ်။ ပေါင်းမထရလေအောင် စပါးကို ၃-၄ တင်းကြဲတတ်ကြပါတယ်။ နောက် မျိုးပမာဏ များတဲ့အတွက် အပင်တွေကြပ်၊ အပင်ကြပ်တေ မြေဩဇာကို ပြည့်ပြည့်ဝဝ မရ၊ အပင်တစ်ပင်ခြင်းရဲ့ တစ်နှံအားနဲ့ပဲ စပါးရအောင် လုပ်မယ် ဆိုတဲ့ မူနဲ့ သွားပေမဲ့ မြေဆီမြေနှစ်က လုစားရတော့ ဖွံ့ဖွံ့ဖြိုးဖြိုး အပင်က မဖြစ်၊ ဖြစ်ပင်ငြားလည်း အနှံက အပြည့်အဝ အစေ့အဆံက မပြည့်၊ ဒါ့ပြင် အပင်ယိုလဲမှုကိုလည်း ဖြစ်ဖို့ အလားအလာ များစေ ပါတယ်။ နောက် သုံးစွဲတဲ့မျိုး ပမာဏ များတဲ့အတွက် အပင်ကကြပ်၊ အပင်ကြပ်တော့ ပိုးမွှားနဲ့ အပင်ရောဂါ က ဖြစ်ဖို့ အလားအလာကများစတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက ဖြစ်လာနိုင်ပါတယ် ဒါကြောင့် အခု မြင်ရတဲ့ ဗီယက်နမ် မျိုးစေ့ချ ကိရိယာ နဲ့ မျိုးစေ့ချခြင်းဟာ အထက်မှာ ဖော်ပြထားတဲ့ အားနည်းချက်တွေကို ကျော်လွှား နိုင်မှာ ဖြစ်ပါတယ်။ မျိုးစပါး ပမာဏကလည်း ၁၂ ပြီမှ တစ်တင်း ခန့်သာ ကုန်မှာ ဖြစ်ပါတယ်။(မတ္တရာဖက်မှာတော့ လယ်သမားများက မျိုးကို ၂ တင်းခွဲခန့် သုံးလိုကြပါတယ်) သူ့ရဲ့ သုံးစွဲမှု အကန့်အသတ်မှာတော့ မိုးများ တဲ့ ဒေသ မိုးစပါးမှာ အနည်းငယ် အခက်အခဲ ရှိ တတ်ပါတယ်။ နွေစပါးမှာတော့ ဘယ်အရပ်မဆို အသုံးပြု နိုင်ပါတယ်။ ပေါင်းအတွက်က ပေါင်းသတ်ဆေး ပဲ သုံးချင်သုံး ဒါမှမဟုတ် ကြားပေါင်းလိုက် ကိရိယာ အသုံးပြုပြီး ပေါင်းနှိမ်နိုင်တာမို့ တိုက်ရိုက် မျိုးကြဲတာထက် ပိုပြီး ပေါင်းထိန်း သိမ်းလို့အဆင်ပြေပါတယ်။ အခုအခါမှာ လယ်ယာလုပ်သား ရှားပါးမှု ပြဿနာ အတွက် အသုံးပြုကြတဲ့ Labor Saving Technologies လုပ်အားချွေတာရေး နည်းပညာများထဲမှာ ခု ဖော်ပြတဲ့ မျိုးစေ့ချကိရိယာ Vietnam Drum Seeder များရဲ့ အခန်းကဏ္ဍဟာ အရေးပါလာ ပါတယ်။ ခုဆို မတ္တရာနယ်မှာ ကိုထွန်းခိုင် ဆိုတဲ့ လူငယ်လေးနဲ့ သူ့ရဲ့ လူငယ်လေးများက တစ်နယ်လုံး လက်လှမ်းမှီရာလယ်များကို လိုက်လံပြီး အခစား စနစ်နဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။ သူတို့အနေနဲ့ စပါး တစ်ရာသီမှာ ဧက ၂၀၀၀ ခန့်အထိ မျိုးစေ့ချပေး နေကြောင်း သိရပါတယ်။ သူတို့လုပ်ကိုင်ဝန်ဆောင်မှုပေးနေတဲ့ လယ်ကွင်းတွေကို သွားရောက် လေ့လာတဲ့အခါ မြေပြင်တဲ့ကိစ္စ များကိုလည်း စနစ်တကျ Level ညီညာနေအောင် ပြင်ထားတာတွေ တွေ့ရပါတယ်။ သူတို့ ဘယ်လို စနစ်တကျ လုပ်ကိုင်ကြတယ် ဆိုတာကို ဗီဒီယိုမှာ မြင်တွေ့နိုင်ပါတယ်။ ခုတင်ထားတဲ့ ပို့စ်ကို ထပ်ဆင့် မျှဝေလို့ ရပါတယ်။ ဗီဒီယိုကိုတော့ မိမိတို့ ကိုယ်ပိုင်မဟုတ်တဲ့အတွက် Source မဖော်ပြပဲ သုံးစွဲခွင့် မပြုပါ။
မေတ္တာဖြင့်
မျိုးအောင်ကျော်
၂၀/၀၇/၂၀၂၀
မတ္တရာမြို့နယ်မှာ … ဗီယက်နမ်စပါး မျိုးစေ့ချ ကိရိယာအသုံးချပြီး .. တောင်သူလယ်ကွင်းမှာ မျိုးစေ့ချ နေတာပါ…Posted by Myo Aung Kyaw on Monday, July 20, 2020