သီးနှံသိုလှောင်မှုသည် အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုဖြစ်သော်ငြားလည်း မြန်မာနိုင်ငံတွင် ဘာသာရပ်တစ်ခုအဖြစ်တစ်စိုက်တစ်မတ်သင်ကြားမှုမတွေ့ရသေးပေ။ သိုလှောင်မှုနည်းပညာသည် ရိတ်သိမ်းချိန်လွန်နည်းပညာ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဆန်စပါး၊ပဲမျိုးစုံ တင်ပို့ရောင်းချသည့်မြန်မာနိုင်ငံအနေဖြင့် အလေးထားဆောင်ရွက်သင့်သောဘာသာရပ်တစ်ခုဖြစ်ပေသည်။ သိုလှောင်စဉ်လေလွင့်ဆုံးရှုံးမှုများကို အနည်းဆုံးလျှော့ချထားနိုင်ရန်လိုအပ်သည်သာမကပဲ စတင်သိုလှောင်စဉ်မှ ထုတ်ယူသုံးစွဲချိန်အထိသီးနှံ၏ ကောင်းမွန်သော အရည်အသွေးကိုထိန်းသိမ်းထားနိုင်ရန်လိုအပ်ေပသည်။ သို့မှသာလျှင် ထိရောက်သောရိတ်သိမ်းချိန်လွန်နည်းပညာကိုအသုံးချခြင်းမည်ပေမည်။ လက်ရှိမြန်မာနိုင်ငံ၏ ဆန်ထုတ်လုပ်မှုတိုင်းတွင် ရိတ်သိမ်းချိန်လွန်လေလွင့်ဆုံးရှုံးမှုမြင့်မားလျက်ရှိဆဲဖြစ်ပြီး အဆိုပါ ဆုံးရှုံးမှုများအနက်မှ တစ်ဧကလျှင်စပါးတစ်စေ့ဆုံးရှုံးမှုကာကွယ်နိုင်ရုံနှင့် တစ်နေ့လျှင်ဆန်နို့ဆီ၂ဘူးနှုန်းဖြင့် လူ၆၀၀ စာကို ၁နှစ်ထောက်ပံ့နိုင်မည်ဟု ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန (ဌာနမှူးငြိမ်း) ဆရာဦးဌေးရွှေ၏ သင်ခန်းစာတစ်ခုတွင်မှတ်သားခဲ့ရပေသည်။ စင်စစ်တွင် စပါးသည်ကွင်းထဲမှစက်ထိမရောက်မီတွင် လေလွင့်မှု ထုနဲ့ဒေးရှိပေသည်။ အလားတူ ဆန်စက်မှ ဆန်အိတ်မသွပ်မီတွင်ပင်လျှင်အောက်သိမ်းမည်မျှရစေကာမှု လေလွင့်မှုရှိစမြဲပင်ဖြစ်သည်။ စပါးသိုလှောင်ရုံ၊ ဆန်ဂိုဒေါင် စသည်တို့တွင်လည်း စနစ်မကျသည့်အလျောက် လေလွင့်မှုများပြားနေဦးမည်ဖြစ်လေသည်။
စားသုံးသီးနှံဟုဆိုရာတွင် ဆန်စပါးသိုလှောင်မှုသည် လွယ်မယောင်နှင့်ခက် တိမ်မယောင်နှင့်နက်သည့် ဂမ္ဘီရပညာရပ်အလားပင်ထင်မှတ်ရသည်။ ဆန်နှင့်စပါးတွင်ပင် သိုလှောင်မှုအလေ့အထနှင့် သိုလှောင်နိုင်စွမ်းတို့သည် ကွာခြားပေသည်။ သင့်တော်သောအစိုဓာတ်၊ သင့်တော်သောသိုလှောင်ရုံများဖြင့် စနစ်တကျသိုလှောင်ပါက စပါးသည် နှစ်ပေါက်အောင် သိုလှောင်နိုင်စွမ်းရှိပေသည်။ ဆိုင်လိုများ ဂိုဒေါင်များ ဘင်ကန်များဖြင့် ပုံစံအမျိုးမျိုးသိုလှောင်ကြပြီး လိုအပ်သည့်အချိန်တွင်လိုသလို ကြိတ်ခွဲကြသည်ကိုေတွ့ရပေသည်။ ဆန်သိုလှောင်မှုသည်ကားပိုမိုခက်ခဲမည်ဟု ယူဆရပေသည်။ ဆန်သိုလှောင်ရာတွင် မူလအစိုဓာတ်၊ ကုန်စည်အဝင်အထွက်စနစ်၊ အိတ်ပုံသိုလှောင်ခြင်း၊ အိတ်စီကမာရိုက်စသည့်စနစ်များသည် လွန်စွာအရေးပါလှပေသည်။ သိုလှောင်ရုံ၏အနေအထား ကြွက်တားငှက်တားစနစ်၊ လေဝင်လေထွက်နှင့် အင်းဆက်ပိုးမွှားကာကွယ်မှုအစီအမံများသည် မဖြစ်မနေစီမံဆောင်ရွက်ထားရှိရန်လိုအပ်ပေသည်။
ဆန်၊စပါးသာမက မည်သည့်သီးနှံကိုမဆိုသိုလှောင်ရာတွင် တာဝန်ခံရမည့် သိုလှောင်ရုံမှူးသည် သိုလှောင်သီးနှံ၏ သဘောသဘာဝကို ထုံးလိုမွှေရေလိုနှောက်အောင် သိရှိထားသင့်သည်။ အစိုဓာတ် တစ်မှတ်သည် သိုလှောင်ရုံတာဝန်ခံကို လောကဓံအနိမ့်အမြင့်ဆီသို့ပင်ဦးဆောင်မောင်းနှင်နိုင်သည်။ ထို့ကြောင့်သီးနှံ၏အစိုဓာတ်ကိုပေါ့ပေါ့တန်တန်မတွေးစေလို။ အစိုဓာတ်သည် သီးနှံအနေအထား၊ တိုင်းတာသည့်စက်၊ တိုင်းတာသည့်လူ၊ တိုင်းတာသည့်စနစ်တို့အပေါ်တွင်များစွာမူတည်လျက်ရှိပေသည်။ မှန်ကန်သောအစိုဓာတ်ကိုသိရှိမှသာလျှင် သင့်လျှော်မှန်ကန်သောအစီအမံကိုချမှတ်ဆောင်ရွက်နိုင်ပေမည်။ အလားတူအစိုဓာတ်တိုင်းကိရိယာများ၏တိကျမှုကဏ္ဍမှာလည်းမသေးလှသဖြင့် တိကျမှုအတွက်အစိုးရအနေဖြင့်ထိန်းကြောင်းရန်လိုအပ်ပေသည်။
သိုလှောင်ရုံ၏ အနေအထား၊ သဘောသဘာဝ၊ လေဝင်လေထွက်၊ အစီအမံများစသည်တို့သည် သီးနှံသိုလှောင်မှုအတွက်လွန်စွာအရေးပါလှသဖြင့် အေြခခံသဘောတရားထက်မကသိရှိနားလည်ထားသင့်ပေသည်။ ယခင်ကုန်သွယ်လယ်ယာခေတ်တွင် သိုလှောင်ရုံမှူးလက်စွဲ၊ ကုန်ဝယ်ဒိုင်မှူးလက်စွဲစသည့် စာအုပ်များသည် ယနေ့အချိန်အထိအသုံးဝင်ဆဲဖြစ်ပေသည်။ ရိတ်သိမ်းချိန်လွန်နညး်ပညာအသုံးချဌာနမှ ဌာနမှူးဟောင်း ဆရာဦးစောစီဆယ်ကြည်ရေးသားသော “စားသုံးသီးနှံသိုလှောင်ရေးလုပ်ငန်းလက်စွဲ” စာအုပ်တွင် သီးနှံအကြောင်း၊ သိုလှောင်ရုံအကြောင်း စုံလင်စွာရေးသားထားသဖြင့် ရှာဖွေဖတ်ရှုနိုင်ပါက အကျိုးများမည်ဖြစ်ပေသည်။ ယခုစာစဉ်စုတွင် အဆိုပါစာအုပ်နှင့် အခြားသော သုတေသနစာတမ်းများ၊ ပညာရှင်များ၏အေတွ့အကြံုများကိုပါ ကိုးကား၍ ဆန်သိုလှောင်မှုအကြောင်းကို ဦးစားပေးတင်ပြလိုပါသည်။
ကုန်သွယ်လယ်ယာခေတ်တွင် ဂိုဒေါင်မှူးအများစုသည် ထောင်နှုတ်ခမ်းနင်း၍ အလုပ်လုပ်ကြရသည်ဟုဆိုရိုးများရှိပေသည်။ ကျည်ဆံသည်တစ်ဖက်ချွန်သာဖြစ်ပြီး ဆန်စပါးသည် နှစ်ဖက်ချွန်သောလက်နက်တစ်ခုဖြစ်သည်မို့ ကျည်ဆံထက်ပင်ကြောက်ဖို့ကောင်းသည်ဟု ပြောစမှတ်ရှိကြသည်။ ကောင်းမွန်ေအာင်မြင်သောသိုလှောင်မှုတစ်ရပ်ဖြစ်စေရန် အောက်ပါအချက်တို့ကိုလေ့လာသိရှိထားရန်လိုအပ်ပေသည်-
(က) သီးနှံ၏သဘောသဘာဝ
(ခ) သီးနှံဆိုင်ရာအရည်အသွေးများ
(ဂ) သီးနှံ၏ ဇီဝဓာတုဆိုင်ရာအေြခအနေများ
(ဃ) သီးနှံအရည်အသွေးထိခိုက်စေသောအချက်များ
(င) သိုလှောင်စဉ်ကျရောက်တတ်သောပိုးမွှားများနှင့်အခြားတိရစ္ဆာန်များ
(စ)သိုလှောင်စဉ်ကျရောက်တတ်သော မှိုနှင့်မှိုဆိပ်များ
(ဆ) သိုလှောင်ရုံအမျိုးအစားနှင့်တည်ဆောက်ပုံများ
စသည်တို့ကိုသိရှိနားလည်ထားရန်လိုအပ်ပေသည်။ ထို့အပြင်စနစ်ကျသောသိုလှောင်ရုံဖြစ်စေရန် သိုလှောင်ရုံနှင့်ဝင်ဆန့်ပမာဏတွက်ချက်ခြင်း၊ အိတ်စီခြင်းစသည်တို့ကို စနစ်တကျဆောင်ရွက်ရန်လိုမည်ဖြစ်ပေသည်။ အထက်ပါအချက်များကိုစနစ်တကျသိရှိနားလည်ပြီးဆောင်ရွက်မှသာလျှင် သိုလှောင်စဉ်လေလွင့်ဆုံးရှုံးမှုနည်းပါးစေရန်ထိန်းသိမ်းနိုင်မည်ဖြစ်ပေသည်။ သီးနှံသဘာဝနှင့်သိုလှောင်ရုံဆိုင်ရာဆောင်ရန်ရှောင်ရန်များကို မကျွမ်းကျင်မပိုင်နိုင်သော သိုလှောင်မှုများသည် ဆင်ကန်းတောတိုးသကဲ့သို့ပင် ထိခိုက်ဆုံးရှုံးမှုမြင့်မားနိုင်ချေရှိပေသည်။
အထက်ပါသိုလှောင်မှုနည်းပညာအကြောင်းမတင်ပြမီ ဆန်သိုလှောင်မှုအတွက် နိုင်ငံတကာဆန်စပါးသုတေသနသိပ္ပံIRRI မှမြန်မာ့ဆန်များသိုလှောင်မှုအတွက် ၂၀၁၃ ခုနှစ်ကပြုစုခဲ့သော စာတမ်းပါအချက်အလက်အချို့ကိုတင်ပြလိုပါသည်။
မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် စပါမျိုးကွဲများအရ သိုလှောင်ရန်လိုအပ်သောအစိုဓာတ်ကိုအောက်ပါအတိုင်းသုတေသနဆောင်ရွက်ထားပါသည်-
(က) ၃လမှ ၈လအထိ သိုလှောင်မည်ဆိုပါက အစိုဓာတ်အနေဖြင့် ၁၃-၁၄ ထားရှိနိုင်ပါသည်။ သို့ရာတွင် ဆန်ဝါပေါက်ခြင်း၊ မှိုစွဲခြင်း၊ ပတ်ဝန်းကျင်စိုထိုင်းစများပါက အစိုကွက်များဖြစ်ပေါ်ပြီး ဆန်ပျက်ခြင်း စသည်တို့ဖြစ်ပေါ်နိုင်ကြောင်းလေ့လာသုံးသပ်ထားပါသည်။ ထို့ကြောင့် ၁၃-၁၄ အစိုဓာတ်သည် Risk များသောအစိုဓာတ်အဖြစ် IRRI မှသုံးသပ်ထားပါသည်။
(ခ) ၈လမှ ၁၂ လအထိသိုလှောင်ရန်အတွက် အစိုဓာတ် ၁၂-၁၃ ထားရှိနိုင်ပြီး ပိုးမွှားကျရောက်မှုအလားအလာရှိနိုင်ကြောင်းဖော်ပြထားရှိပါသည်။
(ဂ) ၁နှစ် နှင့်အထက်သိုလှောင်ပါက အစိုဓာတ် ၉ရာခိုင်နှုန်းအောက်ထားရှိသင့်သော်လည်း အဆိုပါအချိန်အတိုင်းအတာသည် ဖွဲကြောတက်မှုမြင့်မားပြီးဆန်၏ မူလဂုဏ်သတ္တိအချို့ပျက်ယွင်းနိုင်ချေရှိသည်ဟု ဆိုထားပါသည်။
လူအများစားသုံးရန်ရည်ရွယ်သော သိုလှောင်မှုတွင် ဆန်ကိုသိုလှောင်သည်ထက် စပါးကိုသာအဓိကထားသိုလှောင်ရန် IRRI မှအကြံပြုထားပါသည်။ ပိုမိုကြာမြင့်စွာသိုလှောင်ရန် အစိုဓာတ်ကို ပိုမိုနည်းပါးအောင်လျော့ထားသင့်ပေသည်။
သီးနှံသိုလှောင်မှုဆောင်ရွက်ရခြင်းသည် ရာသီဥတုကြောင့်သီးနှံပျက်စီးခြင်း၊ အင်းဆက်ပိုးမွှားနှင့်အခြားတိရိစ္ဆာန်များကြောင့်ပျက်ဆီးဆုံးရှုံခြင်း၊ အစိုဓာတ်ကြောင့်မှိုနှင့်မှိုဆိပ်ကျရောက်မှုများစသည့်အကြောင်းအကြောင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှကာကွယ်ရန်ဆောင်ရွက်ကြခြင်းဖြစ်ပေသည်။ ရာသီအလိုက်သီးနှံမပေါ်မီရိက္ခာမပြတ်လပ်စေရန်လည်းကောင်း၊ ရာသီဥတုဘေးအန္တရာယ်များကျရောက်ခြင်းကြောင့်အထွက်နှုန်းထိခိုက်ပါကရိက္ခာမပြတ်သွားစေရန်လည်းကောင်း၊ ဈေးကွက်ဝယ်လိုအားကိုချိန်ညှိ၍ရောင်းချနိုင်ရန်သော်လည်းကောင်း၊ မျိုးချန်ရန်သော်လည်းကောင်း သိုလှောင်အမှုပြုတတ်ကြပေသည်။ ထိုသို့ ုလှောင်ရန်အတွက် မိမိသိုလှောင်မည့်သီးနှံ၏ သဘောသဘာဝကိုဦးစွာသိရှိနားလည်ထားရန်လိုအပ်ပေသည်။
ဆန်စပါးသီးနှံ၏သဘောသဘာဝ
စပါးစေ့၏ စပါးခွံ(husk) တွင် LEMMA နှင့် PALEA ခေါ်အလွှာ၂လွှာပါဝင်ပြီးယင်းတို့သည် လုံးတီးဆန်ကို ငုံ၍ဖုံးအုပ်ထားပါသည်။ လုံးတီးနှင့်စပါးခွံကြားတွင် ဟနေသောကြောင့်စပါးခွံချွတ်သည့်အခါ အလုံးလိုက်ထွက်ကျလာခြင်းဖြစ်သည်။ လုံးတီးဆန်တွင်မှု အသီးခွံ (Pericarp)၊အစေ့ခွံ(Seed Coat)၊ဖွဲနုလွှာ (aleurone)၊ အစေ့တွင်းစာ (Endosperm)၊ ဗီဇအပင်လောင်း (embryo)ဟူသည့်အစိတ်အပိုင်းများပါဝင်ပါသည်။ အသီးခွံ၊ အစေ့ခွံ၊ ဖွဲနုလွှာတို့ကို ဖွဲ Bran Layer ဟုခေါ်ဆိုပြီး အဆိုပါအလွှာသည် ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ဗီတာမင်များစွာပါဝင်ပါသည်။ သို့ရာတွင် ဖြူအောင်ကြိတ်ဖွတ်ထာသောဆန်သည် အဆိုပါတန်ဖိုးရှိအလွှာများပါဝင်မှုမရှိတော့ဘဲ ကာဗိုဟိုက်ဒြိတ်ဟုခေါ်သော ကော်ချည်းသက်သက်သာပါရှိနေသည်ကိုစိတ်မကောင်းဖွယ်ေတွ့ရပေသည်။
သီးနှံ၏သဘာဝတွင် ပူနွေးစိုစွတ်မှုသည်သီးနှံ၏ရန်သူဖြစ်သည် သီးနှံသည် အေးမြခြောက်သွေ့သောသိုလှောင်မှုတွင် ကြာရှည်စွာသိုလှောင်ထားနိုင်စွမ်းရှိပေသည်။ အစိုဓာတ်မတူညီသော စပါးများကိုရောနှောသည့်အခါ သီးနှံတစ်စေ့မှတစ်စေ့ ရေဓာတ်ကူးလူးဆက်ဆံမှုဖြစ်ပေါ်လာပြီး အဆစ်ကျိုးစပါးများဖြစ်ပေါ်စေနိုင်ပါသည်။ ဆန်သိုလှောင်မှုတွင် ကြမ်းပြင်ပေါ်၌ ပယ်လယ်ပြားခံ၍ဖြစ်စေ၊ ရေလုံသောအခင်းအကာဖြင့်ခံ၍ဖြစ်စေ ခင်းကျင်းသိုလှောင်ရမည်ဖြစ်သည်။ သိုလှောင်ဆန်တွင် အစိုဓာတ်မြင့်မားခြင်းကြောင့်သော်လည်းကောင်း၊ ပတ်ဝန်းကျင်စိုထိုင်းဆ Humidity မြင့်မားခြင်းကြောင့်သော်လည်းကောင်း ရေခိုးရေငွေ့များဝင်ရောက်ပြီး ဆန်ဝါပေါက်ခြင်းမှိုုစွဲခြင်းစသည့်ပြဿနာများကြုံရတတ်ပေသည်။
သီးနှံဆိုင်ရာအရည်အသွေးများ
သီးနှံ၏အရည်အသွေးကို ပကတိအရည်အသွေးနှင့် ရယူ၍ရသောအရည်အသွေးဟူ၍နှစ်ပိုင်းခွဲခြားနိုင်ရာ ၎င်းတို့က်ုအကျယ်တဝင့်မရှင်းလိုတော့ပေ။ အဓိကအားဖြင့် ဆန်၏ အရွယ်အစား၊ အနံ့၊အရသာ၊ မာကြောမှု၊ သိပ်သည်းမှု၊ အစိုဓာတ်မျှခြေတည်ရှိနိုင်မှု၊ သီးနှံအစိုဓာတ်၊ အဖျင်းအမှော်ဖုန်သဲခဲ၊ အခြားအရာဝတ္ထုများ၊ အင်းဆက်ပိုးမွှားအရှင်၊ အသေများ၊ အခြားတိရိစ္ဆာန်အညစ်အကြေးများ၊ မှိုဆိပ်ပမာဏနှင့် ဓာတုဓာတ်ကြွင်းများ စသည့်အရည်အသွေးများသည် သိုလှောင်မှုလုပ်ငန်းစဉ်အတွက်အရေးပါလှပေသည်။
အိတ်သွပ်သိုလှောင်ခြင်းအတွက် အတင်အချအရွှေ့အပြောင်းတွင် ဆန်သားကျိုးကြေမှုများဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် ဆန်သိုလှောင်မှုသည် အချိန်ကာလကြာမြင့်သည်နှင့် RC,RM ခေါ် ဆန်ကွဲပြန်ချခြင်းများ ဖွဲစင်ရန်ပြန်လည်ကြိတ်ဖွတ်ခြင်းများပြုလုပ်ရပါသည်။ ထို့အတွက် ကုန်ကျစရိတ်များစွာကုန်ကျနိုင်ပြီး မူလဆန်၏ ဆန်သားပါဝင်မှုပမာဏထပ်ပိုမိုလျော့နည်းလာစေနိုင်ပါသည်။ စတင်သိုလှောင်စဉ်ကဆန်၏အရည်အသွေးနှင့့်အရေအတွက်ပမာဏအတိုင်း အနီးစပ်ဆုံးသိုလှောင်နိုင်မှသာလျှင်စနစ်ကျ၍အောင်မြင်သောသိုလှောင်မှုဟုမှတ်ယူရပေမည်။
သိုလှောင်ခါစအစိုဓာတ်သည် သိုလှောင်မှုတစ်ခုလုံးတွင် တပြေးညီဖြစ်စေရန် အချိန်အတိုင်းအတာတစ်ခုထိလိုအပ်ပါသည်။ ယင်းကို အစိုဓာတ်မျှခြေခေါ် Equilibrium Moisture Content ဟုခေါ်ဆိုပါသည်။ ထိုမျှေြခသည် ပတ်ဝန်ကျင်စိုထိုင်းဆ နှင့်လိုက်၍ ပြောင်းလဲနိုင်သောကြောင့် သိုလှောင်ရုံများအနေဖြင့် အပူချိန်နှင့်စိုထိုင်းဆ တိုင်းတာသည့်ကိရိယာများကိုဆောင်ထားသင့်ပေသည်။ အစိုဓာတ်မညီမျှသောဆန်များ၊ အပူချိန်လွန်ကဲသောဆန်များ စသည်တို့သည် သိုလှောင်ရုံအတွင်းပျက်ဆီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် လက်ခံစဉ်တွင်အထူးဂရုပြုသင့်ပေသည်။ တိကျမှန်ကန်မှုမရှိသောအစိုဓာတ်တိုင်းကိရိယာများကိုအသုံးပြုမိလျှင်သော်လည်းကောင်း၊ ကိုင်တွယ်တိုင်းတာသူ၏ မှားယွင်းသောစနစ်ကြောင့်သော်လည်းကောင်း ပျက်ဆီးဆုံးရှုံးမှုများ ရှိနိုင်သည်ကိုလည်းဂရုပြုသင့်ပေသည်။ ထို့ကြောင့်ဆန်သိုလှောင်မှုသည် ကြိုးတန်းလမ်းလျှောက်ရဘိသကဲ့သို့အတိမ်းအစောင်းမခံသော သိုလှောင်မှုဖြစ်သည်ဟုမှတ်ယူရပေမည်။
ဇီဝဓာတုဆိုင်ရာအချက်အလက်များ
သီးနှံသည် အပူလျောက်ကူးနိုင်မှုစွမ်းရည်နည်းပါးပါသည်။ ဇီဝဗေဒဆိုင်ရာရှု့ထောင့်မှကြည့်လျှင် သီးနှံသည်ပင်လျှင်သက်ရှိအပင်အမျိုးအစား၏ အပင်လောင်း တစ်မျိုးပင်ဖြစ်ပါသည်။ ပတ်ဝန်းကျင်မှ အောက်ဆီဂျင်သည် သီးနှံနှင့်ထိတွေ့သည့်အခါ ဓာတ်တိုးမှု Oxidation ကိုဖြစ်ပေါ်စေပါသည်။ ထိုအခါအပူစွမ်းအင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များထွက်ပေါ်လာစေပါသည်။ ယင်းအပူဓာတ်သည် ပြင်ပသို့စီးထွက်ရန်မလွယ်ကူသည့်အတွက် သီးနှံပုံအတွင်းအပူကွက်ဖြစ်ပေါ်စေပါသည်။ အလားတူ ဆန်အိတ်သွပ်ရာတွင်လည်း Wet Polisher အသုံးပြုပါကကြိတ်ဖွတ်သောဆန်များကို အလျင်စလိုအိတ်သွပ်ခြင်းသည် အန္တရာယ်များသောအနေအထားဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ကပင် ရွှေဘိုဒေသ၌ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်လျက်ရှိသော Nippon Foundation မှပညာရှင်တစ်ဦးသည် အဆိုပါပြဿနာကြောင့် CTQM သို့ပေါက်ချလာဖူးသည်။ အပူပိုင်းဒေသတွင် Wet Polisher အသုံးပြုရုံမျှမကပဲ စက်ကျသည်နှင့် အခန်းအပူချိန် ၄၀ဒီဂရီစဲလ်စီရပ်ခန့်တွင် ချက်ခြင်းအိတ်သွပ်သောအခါ ဆန်အိတ်များတွင် ကြပ်ခဲ(ဂျပ်ခဲ)များဖြစ်ပေါ်ပြီး မှိုစွဲပျက်ဆီးသည်ကို တွေ့မြင်ခဲ့ရပေသည်။
သီးနှံ၏အရည်အသွေးကိုထိခိုက်ပျက်ဆီးစေသောအဓိကအချက်မှာ သီးနှံ၏ သိုလှောင်စဉ်ရှိမည့်အစိုဓာတ်ကို မထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုသို့သင်တင့်သောအစိုဓာတ်ကိုထိနး်သိမ်းရန်မှာ အပူချိန်နှင့် ပတ်ဝန်းကျင်စိုထိုင်းစတို့အပေါ်တွင်များစွာမူတည်နေပေသည်။ သိုလှောင်စဉ်ကျရောက်တတ်သောပိုးမွှားများ၊ မှိုများ၊ အခြားတိရစ္ဆာန်များကြောင့်ပျက်ဆီးဆုံးရှုံးမှုမဖြစ်စေရန် သိုလှောင်ရုံကိုလိုအပ်သောအစီအမံများဆောင်ရွက်ထားသင့်ပေသည်။ Equilibrium Moisture Content ပြဇယားများ၊ လေထုစိုထိုင်းဆနှင့်အပူချိန်တိုင်းကိရိယာများစသည်တို့အပြင် လေသွင်းလေထုတ်စနစ်များ၊အပူအအေးထိန်းညှိခြင်းများကိုတတ်နုိင်သမျှဆောင်ရွက်ထားသင့်ပေသည်။

နိုင်ငံတကာအဆင့်မီသိုလှောင်ရုံများတွင် Probe များထည့်သွင်း၍ Control Panel မှသိုလှောင်ရုံ၏ အခြေအနေကိုထိန်းသိမ်းနိုင်သည့်စနစ်များတပ်ဆင်ထားပါသည်။ ထိုစနစ်များသည် ယခုခေတ်မှပေါ်ေပါက်လာသည်မဟုတ်ဘဲ ကုန်သွယ်လယ်ယာခေတ်ကအစိုးရပိုင် သိုလှောင်ရုံအချို့တွင်ပင်လျှင် တည်ရှိခဲ့ဖူးပေသည်။

သိုလှောင်ရုံအမျိုးအစားနှင့်တည်ဆောက်ပုံများ
သီးနှံသိုလှောင်မှုတွင်အေြခခံအားဖြင့် အိတ်သွပ်သိုလှောင်ခြင်းနှင့် ဝမ်းပုံသိုလှောင်ခြင်းဟူ၍ ၂မျိုးရှိပေသည်။ အလားတူသိုလှောင်ရုံ၏ တည်ဆောက်ပုံစနစ်နှင့်အသုံးပြုသောနည်းပညာကိုလိုက်၍ အအေးခန်းသိုလှောင်မှု(Low Temperature Warehouse),လေလုံစနစ်ဖြင့်သိုလှောင်ခြင်း (Air Tight Storages), သီးနှံပုံအတွင်းရှိအောက်စီဂျင်လျော့ချခြင်း (Modified Atmosphere), သီးနှံပုံဝန်းကျင်ရှိလေထုထိန်းချုပ်ခြင်း(Controlled Atmosphere) စသည်ဖြင့်နည်းလမ်းအသွယ်သွယ်ရှိပေသည်။ သိုလှောင်ရုံ၏တည်ဆောက်မှုကိုလိုက်၍ ပြင်ညီသိုလှောင်ခြင်းနှင့်မတ်တပ်သိုလှောင်ခြင်းဟူ၍လည်းရှိပေသေးသည်။
မိရိုးဖလာစပါးကျီများဖြင့်သိုလှောင်သကဲ့သို့ လေလုံ၍ရွေ့လျားသယ်ဆောင်နိုင်သော စပါးကျီအိတ်များကို အသုံးပြု၍သိုလှောင်ခြင်းသည် လွယ်ကူရိုးရှင်းသော စနစ်ဖြစ်ပေသည်။ အဆိုပါအိတ်များသည် အိတ်သွပ်သိုလှောင်ရန် တစ်တင်းခွဲခန့်ဆန့်ဝင်သောအရွယ်အစားမှသည် တစ်တန်ခန့်ဆန့်ဝင်သော အရွယ်အစားများအထိဈေးကွက်တွင်အလွယ်တကူရရှိနိုင်ပေသည်။ မိရိုးဖလာသိုလှောင်ခြင်းများထက်စာလျှင် ချက်ခြင်းငွေကုန်ကြေးကျများနိုင်သော်လည်း ရေရှည်တွင် ၁၀နှစ်ခန့်အသုံးပြု၍ရနိုင်ပြီး သီးနှံသိုလှောင်မှုတွင် ကောင်းမွန်သောအရည်အသွေးကိုထိန်းသိမ်းနိုင်သောကြောင့် အခြားသောဆန်ထွက်နိုင်ငံများတွင်သုံးစွဲမှုမြင့်မားလျက်ရှိပေသည်။
သိုလှောင်ရုံဆိုင်ရာနည်းပညာများ
သိုလှောင်ရုံတွင် သီးနှံထားသိုနိုင်မည့်ပမာဏကို တွက်ချက်ထားရန်လိုအပ်ပေသည်။ ဆန်များကိုအိတ်သွပ်သိုလှောင်ရာတွင် အနိမ့်ဆုံးတစ်တန်လျှင် ၁.၂ကုဗမီတာသော်လည်းကောင်း၊ စပါးအိတ်သွပ်သိုလှောင်မှုအတွက် တစ်တန်လျှင် ၁.၉ကုဗမီတာသော်လည်းကောင်းရှိသင့်သည်။
သိုလှောင်ရုံတွင် သီးနှံအိတ်ပုံများကြားတွင် မီးလမ်းခေါ် Gang Way များထားရမည်ဖြစ်သည် သိုလှောင်ပုံနှင့် သိုလှောင်ရုံ၏ နံရံအကြားတွင် အနည်းဆုံး တစ်မီတာခန့်ခွာထားသင့်သည်။ ထို့အပြင်အလယ်တွင် အိတ်စီအတင်အချလွတ်လပ်စွာဆောင်ရွက်နိုင်ရန် ၄မီတာကျယ်သောလမ်းများကို ဒေါင်လိုက်အလျားလိုက်ထားသင့်ပေသည်။
ဆရာဦးစောစီစယ်လ်ကြည်၏စာအုပ်တွင် သိုလှောင်ရုံတွင်ထည့်ဝင်နိုင်မည့် သီးနှံပမာဏကို အောက်ပါဥပမာဖြင့်တွက်ချက်ပြသထားပါသည်။
အလျား ၆၀ မီတာ၊ အနံ၁၂မီတာ၊ အမြင့် ၃မီတာရှိသောသိုလှောင်ရုံတွင် သီးနှံထားသိုနိုင်မည့်ပမာဏကိုတွက်ချက်လိုပါက
a အလျားနံရံ ၂ဘက် ၁မီတာကျယ် မီးလမ်း ၂ခု
b အနံ နံရံ၂ဘက် ၁မီတာကျယ် မီးလမ်း ၂ခု
c အလျားလိုက်အလယ် ၄မီတာကျယ် မီးလမ်း ၁ခု
d အနံကန့်လန့်ဖြတ် ၄မီတာကျယ် မီးလမ်း ၃ ခု
A စုစုပေါင်းသီးနှံစုပုံနိုင်မည့်အလျား = ၆၀-a-d=၄၆ မီတာ
B စုစုပေါင်း သီးနှံစုပုံနိုင်မည့်အနံ = ၁၂-b-c=၆မီတာ
C စုစုပေါင်းသီးနှံစုပုံနိုင်မည့်ဧရိယာ= A×B =၂၇၆ စတုရန်းမီတာ
D စုစုပေါင်းသီးနှံစုပုံနိုင်မည့်ထုထည်= C×3=၈၂၈ကုဗမီတာ
အထက်ပါထုထည်ပမာဏအရ ဆန်အိတ်များကိုသိုလှောင်ပါက ဝင်ဆံ့နိုင်မည့်တန်ချိန်မှာ= ၈၂၈/၁.၂= ၆၉၀ တန်ဖြစ်ပါသည်။
အဆိုပါတွက်ချက်မှုသည်ခန့်မှန်းတွက်ချက်ခြင်းမျိုးသာဖြစ်ပြီး အမှန်သိုလှောင်လက်ခံရာတွင် ဆန်အိတ်ပုံများကိုနံရံနှင့်ကပ်ခြင်း၊ အမိုး၊မျက်နှာကျက်၊ တိုင်စသည်တို့နှင့် ထိအောင်စုပုံခြင်းမျိုးရှောင်ရှားသင့်ပါသည်။
အိတ်သွပ်သိုလှောင်မှုနှင့်အိတ်များစီခြင်း
အိတ်သွပ်သိုလှောင်မှုတွင် ဂုန်နီအိတ်ဖြင့်သိုလှောင်ခြင်းနှင့် woven plastic ဟုခေါ်သော ပီပီအိတ်များဖြင့်သိုလှောင်လေ့ရှိရာ ဂုန်နီအိတ်ပုံသည် အမြင့် ၄မီတာထက်မကျော်ရန်ဂရုပြုရမည်ဖြစ်ပြီး ပီပီအိတ်ဖြင့်သိုလှောင်မှုတွင် အမြင့်၃မီတာထက်မကျော်စေရန်ဂရုပြုရမည်ဖြစ်သည်။ သီးနှံအိတ်ပုံ၏ အောက်တွင် သစ်သားခုံများဖြင့်ထားရမည်ဖြစ်ပြီး ခုံများအလွယ်တကူမရရှိနိုင်ပါက ဝါးကပ်ခင်း၍ ရေလုံသော တာပေါ်လင်၊ ပလတ်စတစ်စဖြင့် သေချာစွာခင်းကျင်းပြီးမှသိုလှောင်ထားသင့်ပေသည်။ ဂိုထောင်၏ေခါင်အမြင့်နှင့်သီးနှံအိတ်ပုံအကြားတွင် ၁.၅မီတာခန့်ခွာထားရမည်ဖြစ်သည်။ အလွယ်တကူရေတွက်နိုင်သော အိတ်ပုံစီခြင်းနည်းစနစ်များကိုပုံတွင်ဖော်ပြထားပါသည်။
အင်းဆက်ပိုးမွှားများရန်မှကာကွယ်ရန် မီးထောင်ခြောက်များကို ၁၀၀ စတုရန်းမီတာလျှင်တစ်ခုနှုန်းဖြင့်ထားသင့်ပေသည်။ ထို့အပြင်သိုလှောင်ရုံ၏ အဝင်အထွက်ပြတင်းပေါက်နှင့်အခြား အပေါက်ငယ်များမှတစ်ဆင့်ငှက်များဝင်ရောက်မှုမရှိစေရန် ဆန်ကာများတပ်ဆင်ထားသင့်ပါသည်။ ထို့အပြင်ကြွက်အန္တရာယ်အတွက် အစီအမံများလည်းဆောင်ရွက်ထားရှိသင့်ပါသည်။
သိုလှောင်မှုနည်းပညာသည် ဤမျှနှင့်မပြီး ဝမ်းပုံသိုလှောင်ခြင်းဆိုင်ရာသိမှတ်ဖွယ်ရာများ၊ အခြားသော အင်းဆက်နှိမ်နှင်းခြင်း၊ ပိုးသတ်မှိုင်းတိုက်လုပ်ငန်း၊ သိုေလှာင်ေရးမှိုကျရောက်မှုကာကွယ်ရေးလုပ်ငန်းစဉ်များစသည့်အချက်များစွာကျန်ရှိနေေသးရာေနာင်တွင် အခါအခွင့်သင့်ပါကပြုစုတင်ပြပါဦးမည်။
Myo Aung Kyaw
Managing Director
Pioneer Agrobiz Co., Ltd