ဗီယက်နမ်မျိုးစေ့ချကိရိယာ (Rice Drum Seeder) သည် လူဖြင့်ဆွဲပြီး မျိုးစေ့များကို အတန်းလိုက်ချပေးသောကိရိယာဖြစ်သည်။

ဤကိရိယာတွင် မျိုးစေ့ချဘူး (၆) ဘူးပါရှိသည်။ ဘူး၏ အရွယ်အစားမှာ အလျား ၁၀ လက်မ (၂၅၀ မီလီမီတာ) နှင့် အချင်း ၇ လက်မ (၁၈၀ မီလီမီတာ) ဖြစ်ပါသည်။ ရွှံ့ထဲတွင် လှိမ့်သွားနိုင်မည့် ပလတ်စတစ်ဘီးနှစ်ခုမှာ တစ်ဖက်တစ်ချက်စီတွင်ရှိပြီး ယင်းဘီးများ၏ အချင်းမှာ ၂၂ လက်မခွဲ (၅၇၅ မီလီမီတာ) ခန့်ရှိပြီး ပေါ်လီအီသိုင်လင်း ပလတ်စတစ်အမျိုးအစားဖြင့်ပြုလုပ်ထားသောကြောင့် ပေါ့ပါးပြီး ကြာရှည်ခံပါသည်။

ဗီယက်နမ်မျိုးစေ့ချကိရိယာ၏ ထူးခြားချက်နှင့်အားသာချက်များ
  • မျိုးစပါးသုံးစွဲရမှုကို ၅၀% မှ ၈၀% ထိ လျှော့ချပေးနိုင်သည်။
  • အလယ်တကူသယ်ယူသုံးစွဲနိုင်သည်။
  • ပေါ့ပါးခိုင်ခန့်ပြီး ပြုပြင်ထိန်းသိမ်းရန်လည်း လွယ်ကူသည်။
  • မျိုးစေ့များကို အတန်းလိုက်ညီညာစွာချပေးသဖြင့် နောက်ပိုင်း ပေါင်းရှင်းသည့်ကိစ္စများအတွက် ကြားပေါင်းလိုက်ကိရိယာဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်သည်။
  • အပင်ဦးရေနည်းသည့်အတွက် အစာရေစာ လုံလောက်စွာရရှိစေနိုင်သည်။
  • မျိုးစေ့နှုန်းထားကို လိုသလိုထိန်းညှိနိုင်သဖြင့် မျိုးစေ့ကုန်ကျမှုကို (၈) ပြည်မှ တစ်တင်းထိ ချိန်ဆပြီး မျိုးစေ့ချနိုင်သည်။
  • မျိုးစေ့ချကိရိယာကိုသုံးစွဲရန် လူတစ်ယောက်သာလိုသည့်အတွက် ကောက်စိုက်ခြင်းအတွက် လုပ်သားလိုအပ်ချက်ထက် များစွာလျော့နည်းသည်။

ဗီယက်နမ်မျိုးစေ့ချကိရိယာအား အသုံးပြုပုံ

၁။ သမန်းကို ကောင်းစွာညက်စေပြီး ညီညာအောင် ညှိပေးထားရမည်။

၂။ လယ်ကွင်းအတွင်းမှရေကို မျိုးစေ့မချမီ ရေစပ်စပ်သာကျန်သည်အထိ ထုတ်ပေးရမည်။ သို့သော် သမန်းပြင်ခြောက်ပြီးမာနေအောင် မထားရပါ။

၃။ စပါးကို စာပါးစပ်ပြူရုံ (သို့) အမြစ်မွေးလေးထွက်စအဆင့်ဖြစ်အောင် ရေတစ်ရက်စိမ်ပြီး အညှောင့်ဖောက်ပေးရမည်။ အမြစ်များအလွန်ရှည်သည်အထိ မထားရပါ။ အမြစ်အလွန်ရှည်ပါကမျိုးစေ့ချရာတွင် အခက်အခဲရှိနိုင်ပါသည်။

၄။ မျိုးစေ့မချမီ မျိုးစေ့များကို ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် လေသလပ်ခံပေးလျှင် မျိုးစေ့များအားအနည်းငယ် ခြောက်သွေ့စေပြီး မျိုးစေ့ချသည့်အခါ အကျကောင်းပြီး အလုပ်ပိုတွင်ကျယ်စေမည်ဖြစ်သည်။

၅။ မျိုးစေ့များကို မျိုးစေ့ဘူး၏ သုံးချိုးနှစ်ချိုးခန့်ထိဖြည့်ပါ။ သို့မှသာ မျိုးစေ့များ လွတ်လပ်စွာကျဆင်းနိုင်မည်ဖြစ်သည်။ ပြီးလျှင် ပုံမှန်နှုန်းဖြင့် တစ်လှမ်းချင်းဆွဲသွားရန်သာဖြစ်သည်။

၆။ မျိုးစေ့ချပြီးပါက အမြစ်များကောင်းမွန်စွာစွဲမြဲသွားစေရန် (၂) ရက် (၃) ရက်ခန့် ရေမသွင်းဘဲထားရပါမည်။

၇။ မျိုးစေ့များမှ အမြစ်များကောင်းမွန်စွာစွဲမြဲသွားပါက ရေအနည်းငယ်သွင်းပေးပါ။ သို့သော် အပင်များလုံးဝမြုပ်သွားသည်အထိ မသွင်းရပါ။ မိုးရာသီတွင် ချကာစ စပါးမျိုးစေ့များ မိုးရေနှင့်အတူမျောပါသွားတတ်သည်ကို သတိပြုရပါမည်။

၈။ အပင်ငယ်များရှင်သန်လာသည်နှင့်အမျှ ရေကိုသွင်းပေးခြင်းဖြင့် ပေါင်းပင်များပေါက်ရောက်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။


အထက်ပါအတိုင်း မျိုးစေ့ချကိရိယာဖြင့်ချထားသော ညီညာရှင်သန်နေသည့် စပါးပင်များကို ကောင်းစွာမြင်တွေ့ရမည်ဖြစ်ပါသည်။

မျိုးစေ့ချကိရိယာ၏ အသေးစိတ်အချက်အလက်များ
အသုံးပြုသောပစ္စည်းပလတ်စတစ် (PE) အကျစ်သားဖြင့် ပြုလုပ်ထားသည်
အရောင်အသွေးမျိုးစေ့ချဘူး – အစိမ်းရောင်
ဘီးများ – အနက်ရောင်
အတိုင်းအတာများအလျား – ၇ ပေ ၁၀ လက်မ
အနံ – ၄ ပေ ၄ လက်မ
အမြင့် – ၁ ပေ ၁၀ လက်မ
မျိုးစေ့ချဘူး အရေအတွက်၆ ဘူး
မျိုးစေ့ချပေါက်အချင်း၉ မီလီမီတာ
မျိုးစေ့ချ တန်းခြားအကွာအဝေး၇ လက်မ (၁၈၂ မီလီမီတာ)
အလေးချိန်၁၀ ကီလိုဂရမ် ခန့်
အစေ့ချအတန်းအရေအတွက်၁၂ တန်း (၇ ပေ ၁၀ လက်မ အတွင်း)
ထည့်နိုင်သော မျိုးစေ့ပမဏ၁၂ ကီလိုဂရမ်ခန့် (တစ်ဘူးလျှင် ၂ ကီလိုဂရမ်ခန့်)
မျိုးစေ့ချနိုင်သောဧရိယာတစ်နာရီလျှင် ၀.၂၅ ဟက်တာ (၀.၆၁ ဧက) ခန့်
မျိုးစေ့ချနှုန်းတစ်ဟက်တာလျှင် ၂၅ ကီလိုဂရမ်မှ ၆၀ ကီလိုဂရမ်ခန့်
တစ်ဧကလျှင် စပါးတင်းဝက် (၈ ပြည်ခန့်) မှ တစ်တင်းကျော်(၁၈ ပြည်ခန့်)
ပလတ်စတစ်ဘီး ၂ခုအချင်း ၁ ပေ ၁၀ လက်မ
ရွှံ့မြေအတွင်းသွားလာနိုင်စေရန် အထူးပြုလုပ်ထားသည်။
အလယ်ဝင်ရိုး၁ လက်မ square bar ဖြင့် ပြုလုပ်ထားသည်။
လက်ကိုင်တန်း၁၆ မီလီမီတာရှိ သံပိုက်လုံးဖြင့် ပြုလုပ်ထားသည်။